အမျိုးသားတွေ အိမ်ထောင်ကျတဲ့အခါ အောင်မြင်ခြင်း ၊ ကျရှုံးခြင်းကို
သူ့ရဲ့ ပါရမီဖြည့်ဖက်ဖြစ်တဲ့ အမျိုးသမီးတွေက အဆုံးအဖြတ်ပေးပါတယ် ။
ဆိုလိုတာက ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသားကို
နောက်ကွယ်ကနေ ကောင်းမွန်သော ပံ့ပိုးမှု ပေးတာမျိုးကိုဆိုလိုတာပါ ။
ပံ့ပိုးမှုပေးတယ်ဆိုလို့ လိုအပ်တဲ့ ငွေကြေးကို ထောက်ပံ့တာမျိုး မဟုတ်သလို ၊ အမျိုးသားဖြစ်သူရဲ့  လုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်လုပ်ကိုင်တာမျိုးကို ပြောတာ မဟုတ်ပါဘူး ။
အပြင်အလုပ်တွေနဲ့ အိမ်မှုကိစ္စအရေး စဉ်းစားဖို့ ရှုပ်ယှက်ခက်နေတဲ့ ယောင်္ကျားတစ်ယောက် အတွက် အိမ်ရှင်မတွေဖြစ်တဲ့ အမျိုးသမီးတွေဟာ မိသားစုအနာဂတ်အတွက် ရေရှည်အစီအစဉ် ချမှတ်ထားတတ်ရပါမယ် ။
အမျိုးသားဖြစ်သူရဲ့  လုပ်ငန်းခွင် အဆင်မပြေမှု ၊ စိတ်ဖိစီးမှုတွေကို အိမ်မှာ အတူ တိုင်ပင်ဆွေးနွေး ပေးတတ်ရမယ် ။ ကိုယ့်မိသားစု ဝင်ငွေတွေကို စီမံခန့်ခွဲတဲ့အခါမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မစွမ်းဆောင်နိုင်တဲ့ အတွက် ဝင်ငွေ ၊ ထွက်ငွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်း နိုင်တဲ့စွမ်းရည်လည်းရှိဖို့လိုပါတယ် ။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ အမျိုးသားတစ်ယောက်ဟာ မိသားစုထက် အပြင်လူတွေနဲ့ ဆက်ဆံရချိန် ပိုများနေတတ်တာဖြစ်တဲ့အတွက် သား ၊ သမီးတွေဟာ အမေဖြစ်သူတွေနဲ့သာ အများဆုံးနေထိုင်ရတာပါ ။ ဒါကြောင့် သား ၊ သမီးတွေနဲ့ ဆက်ဆံရေးဟာ အဖေ ဖြစ်သူထက် အမေတွေဟာ ပိုမိုနီးကပ်ချိန်များတဲ့အတွက် အနာဂတ်မှာ ကြီးပျင်းလာမယ့်
ကလေးတွေကိုလည်း အတွေးအခေါ်အယူအဆုပိုင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပေးတတ်ရပါမယ် ။ ပြုမူနေထိုင်ပုံတွေနဲ့ ကလေးတွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်း မိခင်ဖြစ်သူတွေက ပိုပြီးတာဝန်ကြီးပါတယ် ။
ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေပန်းစားခဲ့တဲ့ ဥပမာတစ်ခုတောင် ရှိခဲ့ပါသေးတယ် ။ ကြားဖူးတဲ့သူတွေလည်းရှိပါလိမ့်မယ် ။ အမေရိကန် သမ္မတ အိုဗားမားတို့ ဇနီးမောင်နံ ဆိုင်တစ်ဆိုင်မှာသွားထိုင်တော့ ဆိုင်ပိုင်ရှင်က သမ္မတကတော် မီချဲလ်ရဲ့ ကျောင်းနေတုန်းက ချစ်ခွင့်ပန်ခဲ့တဲ့လူ ဖြစ်နေတယ် ။ အိမ်အပြန်လမ်းမှာ အိုဗားမားက မီချလ်ကို မေးတယ် ။
အိုဗားမား - ခုနက စကားလာပြောတဲ့ အမျိုးသားက ဘယ်သူများလဲ ။
မီချဲလ် - ကျောင်းတက်တုန်းက ကျွန်မကို Propose လုပ်ခဲ့တဲ့သူပါ ။
အိုဗားမား - နင်သူနဲ့သာအိမ်ထောင်ကျရင် ခုချိန် စားသောက်ဆိုင်ပိုင်ရှင် ဖြစ်နေလောက်ပြီ ။
မီချဲလ် - မဟုတ်ပါဘူး ၊ သူ သမ္မတ ဖြစ်နေမှာပါ ။
ဆိုလိုတာက အိုဗားမား အမေရိကန် သမ္မတ ဖြစ်ဖို့အတွက် သူ့ရဲ့  ကြိုးစားအားထုတ်မှု မှန်တယ် ဆိုပေမယ့် မီချယ် ရဲ့ ကောင်းမွန်တဲ့ ထောက်ပံ့မှုကောင်းကောင်းသာ မရှိခဲ့ရင် လွယ်ကူမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အမျိုးသမီးဆိုတာ အိမ်ထောင်ကျတဲ့အခါ အမျိုးသားတွေကို မှီခိုဖို့ မဟုတ်ပါဘူး ။ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ ပံ့ပိုးပေးသူလို့သာ ရှုမြင်မိပါတယ် ။
No comments:
Post a Comment