ဓာတုစစ်ပွဲ (သို့မဟုတ်) လူသိနည်းသော လူသိများအဖြစ်အပျက်မှ လူများမသိစေရန် လူနည်းစုတို့ ဖုံးထားသည့် အကြောင်းကို ဖော်ထုတ်ခြင်း
--------------------
မှတ်ချက်။ အလွန်ပင် အရေးကြီးသော အကြောင်းဖြစ်သော်လည်း ပညာရပ်ပိုင်း ဝေါဟာရများ အနည်းငယ်ပါဝင်သောကြောင့် စာဖတ်သူတို့ ပျင်းကောင်းပျင်းနိုင်ပါသည်။
- ကျော်ငယ်
--------------------
[စစ်နှင့် ယှဉ်သည့် ကပ်]
--------------------
လူ့သမိုင်း တစ်လျှောက် ဖြစ်ခဲ့ဖူးသည့် စစ်ပွဲတိုင်း၌ လူတို့ သေကြေ ကြရခြင်းတွင် စစ်ဘေးနှင့် စစ်ဒဏ် ဟူသော အကြောင်းနှစ်ခု ရှိတတ် ပါသည်။ စစ်ဘေး ဟူသည်မှာ ကျည်ဆံ သင့်ခြင်း၊ တိုက်ပွဲ ကျခြင်း၊ ဗုံးမှန် ခြင်း စသည့် စစ်နှင့် တိုက်ရိုက် ပတ်သက်မှု ရှိတတ်သော အကြောင်း ဖြစ် ပြီး စစ်ဒဏ် ဆိုသည် ကတော့ စစ်ကြောင့် ရေဆိုး မြေဆိုး ဖြစ်ပေါ်ခြင်း၊ အစာ ရေစာ ရှားပါး လာခြင်း စသည့် ဖြစ်စဉ် တို့နှင့် အတူ ပေါ် ပေါက် လာ သော ကူးစက် ပြန့်ပွား ရောဂါ ကပ်ဆိုး များပင် ဖြစ်သည်။ အနောက်တိုင်း ပညာရှင် များက ထိုသို့ လူ့အသက် ကို တိုက်ရိုက် ဖျက်ဆီး တတ်သော ကျည် ဗုံး စသည်တို့ကို ပထမ စစ်တပ် (First Army) ဟုလည်းကောင်း ကပ်ရောဂါ တို့ကိုမူ ဒုတိယ စစ်တပ် (Second Army) ဟု လည်းကောင်း အသီးသီး တင်စားလေ့ ရှိပါသည်။
ယခု ကျွန်တော် သုံးသပ်ဆွေးနွေး သွားမည့် ကိစ္စကို တတိယ စစ်တပ် (Third Army) ဟု တင်စား လိုပါ သည်။ အဘယ့်ကြောင့် ဆိုသော် ပထမ ဒုတိယ စစ်တပ်တို့ ကဲ့သို့ပင် စစ်တွင်းတွင် မွေးဖွား ခဲ့ပြီး ယခု ထိ အထင်အရှား ရှိနေသည်။ တစ်နည်းဆိုရလျှင် ဒုတိယ ကမ္ဘာစစ် ဘေးရော ဒဏ်ရော အားလုံးထက် ပိုမို၍ လူမျိုး ပြုန်းစေရန် စွမ်းသော လက်နက်လည်း ဖြစ်ပေသည်။ ထိုလက်နက်သည်ကား DDT ဦးဆောင် သည့် အော်ဂင်နို ကလိုရင်း အုပ်စုဝင် ပိုးသတ်ဆေး တို့ပင် ဖြစ်ပေသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီ အခါက ကမ္ဘာ့ ဆေးပညာ လောကတွင် တချို့သော ပိုးမွှား များသည် ကပ်ရောဂါ ဖြစ်ပွား စေကြောင်း သိရှိခဲ့ ကြ သော်လည်း ထို အန္တရာယ်ကို မည်သို့ မည်ပုံ တားဆီး ရမည် ဟူ၍ကား မသိကြသေးပေ။ ထို့ကြောင့် လူတစ်ဦး ဆိုးဝါး လှသည့် ကူးစက် ရောဂါ ဖြစ်ခဲ့လျှင် ဆရာဝန်တို့သည် ကုသမပေး တတ်သည့် အတွက် နှစ်သိမ့် စကားသာ ပြောဆို လေ့ရှိ ကြသည်။ လူနာ၏ ကိုယ်ခံ အား စနစ်ဖြင့် သာ ကူးစက် ရောဂါကို ခုခံ တိုက်ထုတ် ခဲ့ရ သည်သာ။ အကယ်၍ ကိုယ်ခံ အားစနစ်က အနိုင် မတိုက်နိုင်လျှင် အကျိုးဆက်မှာ မရှုမလှ ပင်။ ယုတ်ဆွ အဆုံး ရောဂါ ကူးစက် နေ သော ကုတ်ခြစ်ရာ ကလေးပင်လျှင် အသက် သေဆုံးနိုင် သည်။ ထို့ကြောင့်လည်း နိုင်ငံ တစ်နိုင်ငံ စစ်ဖြစ်ပါက ပထမ စစ်တပ် (သို့) စစ်ဘေး ကြောင့် သေဆုံးသူ ဦးရေထက် ဒုတိယ စစ်တပ် (သို့) စစ်ဒဏ် ကြောင့် သေဆုံးသူ ဦးရေ က ပိုမို များပြား နေလေ့ ရှိသည်။
နပိုလီယန် ခေတ်အခါတုန်းက ဗြိတိသျှ စစ်တပ်အတွင်း၌ ကပ်ရောဂါ ကြောင့် သေဆုံး သူတို့သည် ဒဏ်ရာရရှိ၍ သေဆုံး သူ တို့ထက် ၈ ဆ များ ခဲ့သည်ဟု မှတ်သားခဲ့ ဖူးပါသည်။[၁]
[၁] Dumas, Samuel (1923), Losses of Life Caused By War
၁၈၆၀ ခုနှစ် မှ ၁၈၆၅ ခုနှစ် အထိ ၅ နှစ်တိုင် ဖြစ်ခဲ့သော အမေရိကန် ပြည်တွင်း စစ်ကာလ ၌လည်း လူပေါင်း ၆၀၀,၀၀၀ ခန့် သေဆုံးခဲ့ရာ သုံးပုံနှစ်ပုံ နီးပါး ( လူဦးရေ ၃၇၀,၀၀၀ ကျော် ) သည် ကပ်ရောဂါ ကြောင့် သေဆုံးသွား ရသူတို့ ဖြစ်သည်။[၂]
[၂] Recounting the Dead (20th Sep 2011), NYTimes
ထိုစစ်ပွဲ တို့နှင့် ဒုတိယ ကမ္ဘာစစ်အပြီး စစ်ဘေး စစ်ဒဏ်သင့် သေဆုံး သူဦးရေ တို့ကို ယှဉ်ထိုး လေ့လာ ကြည့်သော် ထူးခြားမှုကို တွေ့ ရ သည်။ ဒုတိယ ကမ္ဘာစစ် ကာလ ဖြစ်သော ၁၉၄၁ ခုနှစ် မှ ၁၉၄၅ ခုနှစ် တလျှောက် တွင်မူ အမေရိကန် ၏ စစ်ဘေး ကြောင့် သေဆုံးသူ ဦးရေ မှာ ၂၉ ၂,၀၀၀ ဖြစ်ပြီး စစ်ဒဏ် ကြောင့် သေဆုံးသူ ဦးရေတို့မှာ ထက်ဝက် မက ၁၁၅,၀၀၀ တိုင်အောင် ထိုးဆင်း သွားခဲ့ လေသည်။
--------------------
[DDT (သို့မဟုတ်) ကမ္ဘာ့ ပထမဆုံး ပိုးသတ်ဆေး မွေးဖွားခြင်း]
--------------------
ဒုတိယ ကမ္ဘာစစ် မဖြစ်မီ လပိုင်း အလို... အရှေ့ဖျား ဒေသတွင် ဂျပန်တို့ စစ်မီးမွှေးလျက် ရှိနေ၍ နာဇီတို့က ဆိုဗီယက်နှင့် မကျူးကျော်ရေး စာချုပ် ချုပ်ဆို အပြီး ပိုလန်ကို ရုတ်တရက် ဝင်တိုက်သော အခါ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များ အားလုံးလိုလိုပင် မဟာမိတ်တို့က ဂျာမနီကို စစ်မကြော်ငြာ သေးသော်လည်း စစ်ဖြစ်တော့မည်ကို သိသွားပြီ ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် အားလုံး လိုလိုသည် ပထမ စစ်တပ် (First Army) ဖြစ်သော စစ်ဘေး အတွက် လိုအပ်သည်များကို စီမံ ရေးသား ဗျူဟာ ဆွဲနေ ခဲ့သော်လည်း ဒုတိယ စစ်တပ် (Second Army) ဟူသည့် ကပ် ပြဿနာ စစ်ဒဏ် အတွက် မည်သို့ မည်ပုံ ကြံဆောင် ရမည်ကို အဖြေ မရသေးပေ။
ထိုအချိန်တွင် ဆွစ်(ဇ်) ဓာတုဗေဒ ပညာရှင် Paul Müller ဆိုသူက “dichloro-diphenyl-trichloro-ethane” (အတိုကောက် - DDT) ဟူသည့် ဓာတ်ပေါင်းစုသည် ပိုးမွှားတို့ကို သေစေနိုင်ကြောင်း အမှတ်မထင် တွေ့ရှိခဲ့သည်။ ထို တွေ့ရှိချက်မှာ "သန်း ကြောင့် တိုက်ဖွိုက်၊ ခြင်ကြောင့် ငှက်ဖျား ဖြစ်ပါသည်" ဆိုတာ လောက်တော့ သိရှိထားသည့် အမေရိကန် အပါအဝင် ကမ္ဘာအရပ်ရပ်မှ အစိုးရ အဖွဲ့ဝင် တိုင်းကို ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။ ပြင်သစ်နှင့် ဗြိတိန်တို့ ဘက်ကလဲ မရှေးမနှောင်းပင် အဆိုပါ DDT ကဲ့သို့ ပိုးသေစေသော အာနိသင်ရှိသည့် ဓာတု ပစ္စည်း ကိုတွေ့ပြီဟု ၁၉၄၀ ပြည့်နှစ် (စစ်တွင်းကာလ) တွင် ကြော်ငြာခဲ့သည်။ သို့သော်လည်း Gamma Isomer ကို အမှီ ပြုသော mode of action (သေဆုံးပုံ) ဖြစ်နေသောကြောင့် DDT နှင့် ယှဉ်လျှင် အဆမတန် ဈေးကြီး၍ နေ၏။
(မှတ်ချက်။ ဤဆေးသည် နောင်အခါ လင်ဒိန်း (Lindane) ဟူသော အမည်ဖြင့် နာမည်ကျော် လာတော့မည့် "Hexachlorocyclohexane", HCH (BHC) ပင် ဖြစ်သည်)
--------------------
[DDT ကို ကိုင်ဝင်လာတဲ့ အမေရိကန်]
--------------------
ပြင်သစ်နိုင်ငံကြီးကို ဂျာမန်တို့ ဝါးမြိုသွားခြင်းသည် ကြားနေနိုင်ငံဖြစ်တဲ့ အမေရိကန်ကို များစွာ ထိခိုက်စေလာခဲ့ပါသည်။ ဒီလိုဘေးကျပ်နံကျပ် ဖြစ်လာခဲ့တဲ့ နောက် အမေရိကန်ဟာ ဒုတိယ ကမ္ဘာစစ် တစ်ဝက်လောက်မှာ မဟာမိတ်တွေကို ကူရင်းနဲ့ စစ်ထဲသို့ ပါဝင်လာခဲ့သည်။ စစ်မြေပြင် ထွက်ခွာ လာကြသည့် သိန်းပေါင်းများစွာသော အမေရိကန်စစ်သားတို့အား DDT ကို ခွဲတမ်းဖြင့် အထုပ်လေး များ ဝေကာ အိပ်ယာခင်းများ ပေါ်တွင် ဖြူးပြီးမှ အိပ်စေသည်။ တဖြည်းဖြည်းနှင့် အာနိသင် အလွန် ကောင်းမွန်ကြောင်း သတင်းသည် ပျံ့သထက် ပျံ့လာကာ ကမ္ဘာတစ်ဝှမ်းလုံးတွင် DDT ၏ ဂုဏ် သတင်း သည်လည်း မွှေးပျံ့လာခဲ့သည်။ အမေရိကန်မှ စစ်ချီရာ ဒေသ တစ်လျှောက်ကို DDT နှင့် ပတ်သက်၍ ပညာပေး ဟောပြောမှုများ အလျင်းသင့်လျှင် သင့်သလို လုပ်သွားခဲ့သည်။ စစ်ပြီးကာလ ရိုက်ကူး မှတ်တမ်း တင်ထားခဲ့သည့် ဟောပြောပွဲတစ်ခုတွင်မူ သစ်သီး ကို ခွက်တစ်ခုထဲ ထည့်ကာ DDT ရေဖျော် ဆေးရည်ဖြင့် ခွက်အတွင်းသို့ ဖျန်းပက်လိုက်ပြီး အန္တရာယ်မရှိကြောင်းကို ထိုခွက်ထဲမှ ရေကို သရုပ်ပြသူမှ သောက်ပြကာ သရုပ်ဖော်သွားခဲ့သည်။[၃]
[၃] YOUTUBE "clip name: DDT so safe you can eat it 1947" (Uploaded by user: Markdcatlin)
DDT ၏ သြဇာ အာဏာ ကြီးမားလာစေခဲ့သော အဖြစ်အပျက်မှာ ၁၉၄၃ ခုနှစ်တွင် ဖြစ်သည်။ အဆိုပါနှစ် အောက်တိုဘာလတွင် မဟာမိတ်တို့သည် အီတလီသို့ ခရီး ဆက်ရန်အတွက် Naples ဒေသကို အခိုင်အမာ တပ်စွဲထားရာမှ ဆုတ်ခွာ လာခဲ့သည်။ ထိုသို့ ဆုတ်ခွာတော့အံ့ဆဲဆဲ Naples တစ်မြို့လုံး တွင် တိုက်ဖွိုက်ရောဂါ ကပ် ဆိုက် လေတော့သည်။ ဤတွင် မဟာမိတ်တပ်တို့သည် Dusting Station ဟုခေါ်သည့် အမှုန့်ဖြူးရုံ ကြီးများ ကို Naples မြို့ အနှံ့ လိုက်လံ တည်ဆောက်ပြီး ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၌ ဒေသခံ ၁၃ သိန်းခန့်ကို DDT အမှုန့် ဖြူးပေးခဲ့ရာ သုံးပတ်အကြာ၌ လုံးဝ ကပ်ရောဂါ ကင်းစင်ခြင်း အဖြစ်သို့ မြို့လုံးကျွတ် ရောက်ရလေသည်။ [၄]
[၄] The rise fall rise and imminent fall of ddt by Roger Bate (Nov 2007)
ဤ အဖြစ်အပျက်သည်ပင် ဟိုးလေးတကျော်ဖြစ်သွားကာ စစ်ပြီးကာလ ၁၉၄၈ ခုနှစ်တွင် ထို DDT ကို တွေ့ရှိခဲ့သူ Paul Müller သည် နိုဗယ်ဆုကို လက်ခံ ရရှိခဲ့သည့် အထိပင် ကောင်းသတင်းတို့ သင်းပျံ့သွားလေ တော့သည်။
ဆက်လက်၍ မဟာမိတ်တို့သည် အီတလီတွင်လည်း မြို့နေလူထုတို့ကို တိုက်ဖွိုက်ရောဂါ ကာကွယ်ရန် အတွက် လေယာဉ်ပေါ်မှ DDT အမှုန့်များ မြို့တိုင်းကို ပတ်၍ ဖြူးပေး ခဲ့သည်ဟု မှတ်သားဖူးသည်။
တောင် ပစိဖိတ် ဒေသရှိ ကျွန်းများ တွင်လည်း ဌက်ဖျားရောဂါ ကာကွယ် ရန်အတွက် DDT အမြောက် အများ အသုံးပြုခဲ့သည်။
--------------------
[ဓာတုဆေးဝါးတွေ တစ်ခေတ်စမ်းပြီ!]
--------------------
ဤသို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး ငြိမ်းအေးစွာ ပြီးဆုံးသော ၁၉၅၀ ခုနှစ် ကာလသည် ခေတ်သစ် ဓာတုဆေးဝါး လောက အဖို့ တောက်ပစွာ အစပျိုးလာခဲ့သည့် ကာလလည်း ဖြစ်ခဲ့သည်။ စစ်တွင်း အချိန်က ဆေး၏ ဂုဏ်သတင်း ကျော်ဇောမှုများကို ကြားရုံသာ ကြားရ၍ လက်လှမ်း မမှီသူများကား သီးနှံစိုက် တောင်သူ လယ်သမား များပင် ဖြစ်သည်။ စစ်ကြီး ပြီးလို့ အော်ဂင်နိုကလိုရင်း ဟူသော ဆေးအုပ်စုကြီး ဈေးကွက်ထဲ ရောက်လာ ခဲ့သော အခါမှာတော့ တောင်ယာစိုက်ပျိုးရေး လောက သားတို့ သည် ပိုးမွှား ကာကွယ်ရေးအတွက် အမြောက်အများ ဝယ်ယူ အသုံးချ လာခဲ့ကြသည်။[၅]
[၅] complete guide to pest control with and without chemicals (George W. Ware) : 4th Edition
ဤသို့ ကမ္ဘာ့ ဒေသစုံမှာ DDT လျှမ်းလျှမ်းတောက် နာမည်ကြီးလာခဲ့သလို ဓာတုဗေဒ လောက တွင် လည်း DDT ဖွင့်လှစ်ခဲ့သော မျက်နှာစာ သစ်ကြောင့် အခြားသော ပိုးသတ်ဆေးတို့နှင့် ပေါင်းသတ် ဆေး တို့ ဟိုမှ သည်မှ ဆက်တိုက် ဆိုသလို ပေါ်လာခဲ့သည်။
၎င်းတို့ထဲမှာ ပထမဆုံး ပေါ်ပေါက် လာခဲ့သည့် ပေါင်းသတ်ဆေး အမည်ကတော့ တူးဖိုးဒီ (သို့မဟုတ်) DDT ၏ မင်းသား မျက်နှာဖုံးကို ဆွဲခွာပစ်မည့် လိမ္မော်ရောင် ထောက်လှမ်းရေး သမား (ခေါ်) Agent Orange ပင် ဖြစ်တော့သည်။
--------------------
[Agent Orange]
--------------------
လိမ္မော်ရောင် ထောက်လှမ်းရေးသမား ဟု ခေါ်သည့် Agent Orange လှုပ်ရှားမှုသည် အမေရိကန် စစ်တပ်တို့က ဗီယက်နမ် စစ်ပွဲတွင် သုံးခဲ့သည့် ပေါင်းသတ်ဆေး လှုပ်ရှားမှု (herbicidal warfare) သုံး ဆေးရည်ဖြစ်သည်။ ရွက်ခြွေဆေး (Foliant) တို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပြီး Dioxin ဆိုသည့် ဓာတ်ပါဝင်သော ဆေးဖြစ်သည်။ (နောင်အခါတွင် တူးဖိုးဒီ ဖြစ်လာသည်)
အမေရိကန် စစ်တပ်၏ ရည်ရွယ်ချက်မှာ တောကိုမှီကာ ဝမ်းဖြည့်ရသည့် ဗီယက်နမ် တို့ကို ထောက်ပံ့ နေသော ဒီတောတွေကို ပေါင်းပင် ရှင်းလင်းသကဲ့သို့ တောလုံးကျွတ် အမြစ်ဖြုတ်လိုက်ခြင်း အားဖြင့် ဗီယက်နမ်တို့ အစာ အာဟာရ ယုတ်လျော့ လာစေရန် ဖြစ်သည်။ သို့သော်.....
--------------------
[ဒုတိယ ကမ္ဘာစစ်ရဲ့ တတိယစစ်တပ် ဖြစ်လာမယ့် အော်ဂင်နိုကလိုရင်းများ]
--------------------
၁၉၇၀ ပြည့်နှစ်တွင် အမေရိကန် စစ်သားရေးရာ ဌာန (U.S Department of Veterans Affair) မှ ပြည်သူလူထုတို့ထံသို့ ထုတ်ပြန်ကြော်ငြာချက် တစ်ရပ်ကို ဖွင့်ချ ပြခဲ့သည်။ ထုတ်ပြန်ချက်အရ "ရှေ့နှစ်များက ပြုလုပ် ခဲ့သည့် ဓာတ်ခွဲ စမ်းသပ် ချက်များအရ Agent Orange ပေါင်းသတ်ဆေးတွင် ပါဝင်သော Dioxin သည် ပမာဏ အနည်းငယ် ဆိုကာမျှလေး လူ့ အသား နှင့် ထိမိပါက အဆိုပါ ထိမိသူအဖို့ အလွန် ဆိုးဝါး သော ဘေးထွက် ဆိုးကျိုးတို့ကို ဖြစ်စေနိုင်သည်" ဟုဆိုသည်။ ဥပမာ - ကြွက်သားအလုပ်လုပ်ပုံ တို့ ဖောက်ပြန်ခြင်း၊ မျိုးဆက် ပျက်ဆီးစေတတ်ခြင်း၊ အာရုံကြော ချို့ယွင်းခြင်း၊ မူမမှန်ခြင်း စသည် တို့နှင့် ယုတ်ဆွအဆုံး ကင်စာပင် ဖြစ်နိုင်သည် အထိ အကျိုးဆက် ဆိုးဆိုး ဝါးဝါး ရှိနေသည်။
ချက်ချင်းဆိုသလိုပင် DDT ကိုလည်း ဓာတ်ခွဲမှု စမ်းသပ်မှုတို့ ပြုလုပ်လေရာ ထင်သည့်အတိုင်းပင် DDT သည်လည်း အလားတူ အာနိသင်များ ရှိနေသည်ကို တုန်လှုပ် ခြောက်ခြား စွာ သိလိုက်ကြ ရသည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် DDT နှင့် အခြားသော အော်ဂင်နို ကလိုရင်း ဆေး တို့ကို လိုင်စင် ချက်ခြင်း ပိတ်သိမ်းလိုက်ပြီး တရားမဝင်ကြောင်း ကြေငြာလိုက် ပြီ ဖြစ်သည်။ တစ် ကမ္ဘာလုံး တုန်လှုပ် ခြောက်ခြားကုန်သော နေ့ရက်များ ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်တွင်တော့ အမေရိကန်တွင် ဗီယက်နမ် စစ်ပွဲပြန် ဆေးဒဏ်သင့် အမေရိကန် စစ်သား ၂.၄သန်း က တရားစွဲဆိုတော့သည်။ နောက်ဆုံးတွင် ငါးနှစ်အကြာ၌ ထို ပေါင်းသတ်ဆေး ထုတ် ကုမ္ပဏီကြီး ခုနှစ်ခုမှ စုစုပေါင်း လျော်ကြေးငွေ ဒေါ်လာ သန်း ၁၈၀ ခန့် ကို စစ်သား မိသားစု များအား ပေးလျော်ခဲ့ရလေသည်။ တစ်ချိန်ထဲတွင်လည်း ဗီယက်နမ်၌ ဆေးအာနိသင်ကြောင့် ကင်ဆာ ရောဂါ ဖြစ်ပြီး သေဆုံးသူတို့ တစ်စထက် တစ်စ များပြားလာပြီး ဖြစ်သည်။ စုစုပေါင်း ဗီယက်နမ် လေးသိန်းခန့် သေဆုံးသွားပြီ ဖြစ်ပြီး ခန့်မှန်းခြေ လူ နှစ်သိန်းခန့် လက်ရှိကာလ အထိ ဝေဒနာသည် အဖြစ် ဘဝ ဇာတ် သိမ်းမည့် အချိန်ကို ထိုင်စောင့် နေရသည်ဟု တင်ပြရင်း နိဂုံးချုပ် လိုက်ရပါသည်။[၆]
[၆] History (dot) com > Vietnam War > Agent Orange
--------------------
ကိုးကားများ -
[၁] Dumas, Samuel (1923), Losses of Life Caused By War
[၂] Recounting the Dead (20th Sep 2011), NYTimes
၃] YOUTUBE "clip name: DDT so safe you can eat it 1947" (Uploaded by user: Markdcatlin)
[၄] The rise fall rise and imminent fall of ddt by Roger Bate (Nov 2007)
[၅] complete guide to pest control with and without chemicals (George W. Ware) : 4th Edition
[၆] History (dot) com > Vietnam War > Agent Orange
--------------------
မှတ်ချက်။ မြန်မာနိုင်ငံတွင် ၁၉၉၀ ရောက်မှ first wave ပိုးသတ်ဆေး တွေ ဖြစ်တဲ့ DDT / Organochlorine တို့၏ ဆိုးကျိုးကို စသိခဲ့ကြသည်။ သိရုံပဲ ထားထား သေး၍ ပိတ်ရ ကောင်းမှန်း နားမလည် ကြသေး။ မပိတ်သော်လည်း second wave ပိုးသတ်ဆေး တွေ ဖြစ်တဲ့ Organophosphates (OP) တို့နှင့် အစားထိုး သုံးရန် လှုံ့ဆော်ခဲ့သည်။
နောက်ကျရသည့် အဓိက အကြောင်းမှာ ပိုးသတ်ဆေး မြန်မာနိုင်ငံတွင် စတင်သုံးစွဲသည့် ကာလကြောင့် ဖြစ်သည်။ ၁၉၈၅ နောက်ပိုင်းမှ အနောက်နိုင်ငံ တို့တွင် တရားမဝင် ကြေငြာပြီးတဲ့ များပြားစွာသော ဒီဒီတီ အပေါင်းအပါ ဆေးပြင်း တို့သည် အရှေ့တောင် အာရှသို့ နည်းမျိုးစုံ ဖြင့် ဝင်လာခဲ့ ကြသည်။
ထို့ကြောင့် တကယ်တမ်း ဒီဒီတီ နှင့် ဆက်စပ်သည့် ပိုးသတ်ဆေး အုပ်စုကို မြန်မာနိုင်ငံ အစိုးရက တရားဝင် တားမြစ်ချိန်သည် ၂၀၀၀ ခုနှစ် နောက်ပိုင်း တွင် ဖြစ်သည်။ သို့တိုင်အောင် ယနေ့အချိန်အထိ အိန္ဒိယနှင့် တရုတ် နိုင်ငံများတွင် ဒီဒီတီကို ကပ်ဆိုက် အန္တရာယ် ထိန်းချုပ်ရန် အလို့ငှာ WHO /FAO အဖွဲ့အစည်း များ၏ လမ်းညွှန်မှု အောက်မှ ထုတ် လုပ် နေပါ သေးသည်။ ယခုအချိန်အထိ နယ်စပ် ကုန်သွယ်မှု အစဉ်အလာ ရှိနေသေးသည့် အပြင် ပိုးသတ်ဆေး ပညာပေးခြင်း ဟူ၍ မရှိသလောက် နည်းပါးသည့် မြန်မာနိုင်ငံ အတွက် ဤ ဆေးတို့ကို တောင်သူတို့ လက်ထဲ နယ်စပ်ဒေသ တို့မှ တဆင့် မရောက်စေရန် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံဖြင့် ကြိုးပမ်း ပေးကြ စေလိုပါသည်။
--------------------
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment